ကျေးသီး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်နှင့် ပန်ပိုအခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးတို့က အမျိုးသားနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသား အောင်ပွဲနေ့၏ အနှစ်သာရများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ ရိုက်ကူးထားသည့်အစီအစဉ်များကို ကျေးသီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Kehsi Page များတွင် Online စနစ်ဖြင့် လွှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)