ကျောက်မဲ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးဆရာ ဒေါက်တာသိန်းလွင်(ပညာရေးစိတ်ပါရဂူ) ရေးသားထားသည့် “ကလေးကိုချစ်လျှင် မခြောက်ပါနဲ့” စာအုပ်မှ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် Book Club အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ညိုညိုစိန်က စာရေးဆရာခင်မောင်အေး ရေးသားထားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်မှ အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်ဥမ္မာလင်းက စာရေးဆရာ အောင်ကိုဦး(UMK)၏ “ကတိစကားလေးတစ်ခွန်း” စာအုပ်မှ အချက်များကို လည်းကောင်း၊ ဒေါ်အေးအေးသန့်မှ စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေလျှင်” စာအုပ်မှ“အောင်မြင်ဖို့အတွက်ဘာတွေပေးဆပ်ပြီးပြီလဲ” ဆောင်းပါးပါ အကြောင်းအရာများကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)