ကျိုင်းတုံ မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ နမ့်နော်ကျေးရွာအနီး ရှင်သန်ခြင်း ကိုယ့်အားကိုယ်ကိုးအဖွဲ့ အိမ်ယာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တောမီးမှတဆင့် မီးကူးစက် လောင်ကျွမ်းရာ နေအိမ် ၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက မီးဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မီနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅ သိန်း၊ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ကူညီပေးခဲ့ပြီး ကြက်ခြေနီမှ မိသားစုသုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်း၊ ရေပုံးတို့ကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)