ရပ်စောက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားကျင်းပ

ရပ်စောက်      နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးထက်အောင်က ပလတ်စတစ်များနှင့် အမှိုက်များ၏ ဆိုးကျိုးများ၊ ဂေဟစနစ် အမျိုးမျိုးနှင့်ထိန်းသိမ်းနိုင်မှုနည်းလမ်းများ၊ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေပါ ရေဝေရေလဲဒေသ ပြဌာန်းချက်များ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အစိုင်အခဲစွန့်ပစ်ပစ္စည်း အမျိုးအစားများနှင့် အမျိုးအစားခွဲခြားခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးအေးထက်အောင်က ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)