ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ (၅)နှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရွေးချယ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မိမိဌာန၌ လုပ်ဆောင်ရမည့် ရေ၊ လျှပ်စစ်မီး၊ အဆောက်အဦများ၊ မိမိရပ်ကွက်၊ ကျေးရွာစီမံကိန်းများ ဆောင်ရွက်ရမည့်လိုအပ်ချက်များကို လုပ်ဆောင်ရန် ကျေးရွာ ကော်မတီများဖွဲ့စည်း ထားရှိရန်၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းကြရန်၊ လမ်းမီးရရှိရေး၊ လမ်းရေမြောင်း၊ တံတား၊ ဆိုလာရရှိနိုင်ရေး၊ ကျောင်းစာကြည့်တိုက် တည်ဆောက်နိုင်ရေး၊ စည်ပင်ကွန်ကရစ်လမ်းများ၊ ရပ်ကွက်၊ ကျေးရွာလမ်းများ ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ဆောက်လုပ်နိုင်ရေး၊ မြို့အတွင်းအမှိုက်ကားဖြင့် အမှိုက်များစနစ်တကျ ရှင်းလင်းနိုင်ရန်၊ လမ်းဦးစီးဌာနမှ လမ်းမကြီးအားအဆင့်မြင့်တင်နိုင်ရေး၊ ကျေးရွာချင်းဆက် လမ်းများ အဆင့်မြင့်တင်နိုင်ရေးစသည်များ ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟောင်းဒိုင်က၂၀၂၁-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက်အနီးစပ်ဆုံးရရှိနိုင်မူကိုဦးစားပေးဆွေးနွေးခဲ့ရာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် National လမ်းရက်ရှည်စီမံကိန်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရေအားလျှပ်စစ်(၃)နှစ် စီမံကိန်းလျာထားပြီး ဆောင်ရွက်ရန်စသည်များ ဆွေးနွေးကာ အင်ကောမ (အမက)ကျောင်းဆောင်၂၈"×၁၈"ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နိုင်ရန်၊ ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနက ရေကန်၊ ပိုက်လိုင်းစီမံချက်အလိုက် လုပ်ဆောင်နိုင်ရန်၊ ရပ်ကွက်၊ ကျေးရွာများ တည်ဆောက်ရေးနှစ်အလိုက် စီမံချက်လုပ်ဆောင်နိုင်ရန်စသည့် အကြောင်းအရာများ အသီးသီးညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ