နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များ ပါဝင်သော အဖွဲ့များကနောင်ချိုမြို့နယ် ဘူတာရပ်ကွက်နှင့်ကုန်းကြီးရွာမ အုပ်စုတို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ(၂၄၀)ဦးကို RDT Tes tkit ဖြင့်စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၈)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးရှိ ကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ( ၃.၃၃) ရာခိုင်နှုန်းရှိကြောင်း  ကျန်းမာရေးဌာနမှသိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ (၈)ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင်ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကွင်းဆက် ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်း စစ်ဆေးမှုများ၊ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။   

ထွေးငယ်၊(ပြန်/ဆက်)