ဘားအံ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင တည်ဆောက်သော ပြည်နယ်ဖူဆယ်အားကစားခန်းမ ဖွင့်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း က ဘားအံတက္ကသိုလ်ဘွဲနှင်းသဘင် ခန်းမအနီးရှိ အဆိုပါ အားကစားကွင်းတည်နေရာ၌ ကျင်းပ ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သည့်အားကစာခန်းမကို ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေကျပ်(၃၁၇ ဒသမ ၄၄၀)သန်းဖြင့် အလျား(၁၆၀)ပေ၊ အနံ(၁၃၀)ပေရှိ နိုင်ငံ တကအဆင့်မီတည်ဆောက်ခဲ့ကြောင်း၊ အားကစားကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ခြင်းသည် ကျန်းမာရေးကိုကုသဆောင်ရွက်ပေးနေသော ဆေးရုံတစ်ရုံကို ပိတ်သိမ်းသကဲ့သို့ ယူဆမှတ်ယူရ မည်ဖြစ်ပြီး များများအကောင်အထည်ဖော်ပေးဖို့လိုကြောင်း၊ တစ်ဆက်တည်းတွင် ဖူဆယ် အားကစားခန်းမအနီး၌ အလျား ၁၈၀ ပေ၊ အနံ ၇၀ ပေရှိ ကာယဗလ၊ ကာယအလှနှင့် စားပွဲတင် တင်းနစ် အားကစားခန်းမတို့ကိုလည်း တည်ဆောက်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် အားကစားလူငယ်မောင်မယ်များကို ပြုစုပျိုးထောင်၍ ပြည်နယ် ကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုလက်ရွေးစင်အဖြစ်မှ ထူးချွန်ထင်ရှား သည့်အားကစားသမားကောင်းများ ပေါ်ပေါက်လာ စေလိုပါကြောင်း၊ ပြည်နယ်ဖူဆယ်အားကစား ခန်းမ အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက် သွားရန် တာဝန်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်တို့က အားကစားခန်းမအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖူဆယ်အားကစားခန်းမဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖူဆယ်အားကစားခန်းမအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေး မှူးက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ကာ ဖွင့်ပွဲအထိမ်းအမှတ်အနေ ဖြင့် အဖြူရောင်အသင်းနှင့် အပြာရောင်အသင်းတို့၏ ဖူဆယ်ဘောလုံး သရုပ်ပြကစားမှုအား ကြည့်ရှု့အားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပရဝဏ်အတွင်း တည်ဆောက်လျက်ရှိသော တက္ကသိုလ်ဓမ္မာရုံပြီးစီးမှုအခြေအနေနှင့် တက္ကသိုလ်စာကြည့်တိုက် အား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်း ဆက်ခဲ့ကြပြီး ဓမ္မရုံတည်ဆောက်ရေးလုပ်ငန်းများနှင့် စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင် ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ခေတ်ကာလနှင်လျော်ညီသည့် အဆင့်မီဈေးအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)