မြဝတီ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ် မြဝတီမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အခြေခံ မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း အချိန်မှီပြီးစီးနိုင်ရေးဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာတာဝန်ခွဲဝေပေးထားသည့် တာဝန်ခံများမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ ရေး ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်းရေးမှူး ဦးလင်းနိုင်စိုးကလည်း အခြေခံမဲဆန္ဒရှင်စာရင်းအသေးစိတ်အချက်အလက်များ မှန်ကန်ကြစေရေး စာရင်းပြုစုထားရှိမှု အခြေအနေ များကို တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း မိမိတို့ လုပ်ကိုင်ဆောင်ရွက်ထားမှုအခြေအနေများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှလည်း ပြန်လည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)