ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်သည့် ဒလမြို့နယ်အတွင်း ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ခရီးသည်တင် ယာဉ်လိုင်းများနှင့် မြို့နယ်အတွင်း ဖြတ်သန်း သွားလာကြသည့် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင် ကြစေရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဒလ-တွံတေး ကားလမ်းမကြီး တာကြီးရပ်ကွက်ရှိ ဆိပ်ကြီးတံတားထိပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မြို့နယ်အဆင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီမှ ဦးဆောင်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒလမြို့နယ်အတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ဆိုင်တဲ့ အသိပညာပေးခြင်း လုပ်ငန်းကို ဒီကနေ့စတင် ဆောင်ရွက်တာဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ဒေသန္တရ အမိန့်တွေကို လိုက်နာကြဖို့ လိုအပ်ပါတယ်၊ စည်းကမ်းမရှိတဲ့ ယာဉ်တွေကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူသွားမယ်၊ ဆိုင်ကယ် တစ်စီးမှာ အမျိုးသားနှစ်ဦး စီးနင်းခွင့်မပြုဘူး၊ အမျိုးသားနဲ့ အမျိုးသမီးပဲ စီးနင်းခွင့်ပြုတယ်၊ အမျိုးသမီးဆို နှစ်ဦး စီးနင်းခွင့်ပြုတယ်၊ ဆိုင်ကယ်စီးကြတဲ့ ပြည်သူတွေအနေနဲ့ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြဖို့ကို အဓိက တိုက်တွန်းပြောကြားချင်တယ်၊ ယာဉ်တွေအားလုံးကို အသိပညာပေးပြီး နောက်ပိုင်းမှာ စစ်ဆေးအရေးယူတဲ့ အပိုင်းကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မြို့နယ်အဆင့် စစ်ဆေး အရေးယူရေး ဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်မောင်းနှင်သူများနှင့် စီးနင်းလိုက်ပါလာသော မိဘပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်စီးနင်းကြစေရေး တာဝန်ရှိသူများက အသိပညာပေး ပြောကြားခြင်းကို ဆောင်ရွက်ခဲ့ပြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရီးသည်တင် ယာဉ်လိုင်းများနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် ယာဉ်များအား သတ်မှတ် စည်းကမ်းများ နှင့်အညီ မောင်းနှင်မှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် လိုင်စင်မဲ့ စည်းကမ်းမဲ့ မောင်းနှင်သူများအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပညာပေးကာလအဖြစ် ရက်သတ္တပတ် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေး ကာလနောက်ပိုင်း စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)