မန္တလေး နိုဝင်ဘာ ၂၄
ကလေးငယ်များစာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်စွမ်းရည်များတိုးတက် လာစေရန်ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကလေးငယ်များ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာ စေရန်၊အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပြီး ကျင်းပပေး တာဖြစ်ပါတယ်၊ အခြေခံပညာမူလတန်းအဆင့် ကလေးငယ်(၈)ဦးဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ အမှတ်တရလက်ဆောင်တွေ ချီးမြှင့်ပေးသွားမှာပါ၊ နောက်ရက်တွေမှာလည်းပြိုင်ပွဲတွေ ဆက်လက် ဆောင်ရွက်သွားမှာပါဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် ကလေးငယ်(၈)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ပြိုင်ပွဲသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၏ မိဘ များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)