သီပေါ သြဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ဖြင့် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်းများဖြစ်သည့် ကြက်မွေးမြူ ထုတ်လုပ်သင်တန်းနှင့် မေထုန်မဲ့သားစပ် သင်တန်းများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ကြဲကျေးရွာ၊ ပန်မြိုင်းကျေးရွာနှင့် ဆိုင်လဲ ကျေးရွာ တို့တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းများတွင် သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အုန်းအုန်းမြင့်က သင်တန်းများ ဖွင့်လှစ် ပေးရသည့် ရည်ရွယ်ချက်များနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ကြက်မွေးမြူ ထုတ်လုပ် သင်တန်းနှင့် မေထုန်မဲ့သားစပ်သင်တန်းနှစ်မျိုးကို ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းတွင် ကြက်များတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ကုသနည်း၊ အစာရေစာ ကျွေးခြင်းများ၊ မျိုးစပ်ခြင်း၊ မျိုးပွားခြင်း ဆိုင်ရာ အကြောင်းအရာများနှင့် မေထုန်မဲ့သားစပ်ခြင်း သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းတစ်ခုစီတွင် သင်တန်းသား (၂၀)ဦးစီဖြင့် စုစုပေါင်း (၄၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)