မြစ်ကြီးနား နို၀င်ဘာ ၂၄
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ယနေ့တွင် မြစ်ကြီးနားမြို့ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီ၀င်များ ၊ပြိုင်ပွဲ၀င် အသင်းများမှ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ “ စာပေ၊ ယဉ်ကျေးမှုနှင့် အားကစား”ဆိုသည့် “ကဏ္ဍသုံးရပ်ဟာ မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင် ပါကြောင်း၊ အားကစားဆိုတာရှိမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ကျင်းပပြုလုပ်ခြင်းဖြင့် ကချင်ပြည်နယ်ရဲ့ ပိုက်ကျော်ခြင်းအားကစား အဆင့် အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုမယ်လို့ အခိုင်အမာ ယုံကြည်မိ ပါကြောင်း ဒီပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတွက် စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို မိမိတို့အစိုးရအဖွဲ့အနေနဲ့ အထူးပင် ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲ၀င် အားကစားသမားများက အားကစား သစ္စာအဓိဌာန်(၄)ချက် အားရွတ် ဆိုပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးများက ပြိုင်ပွဲဝင်အသင်း များအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ကာ တံခွန်ဆိုက်အလံနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဲ့ဒီနောက် မြန်မာ့ရိုးရာနှင့်တိုင်းရင်းသားယဉ်ကျေးမှု အကအလှအများ၊ Fitness Dance နှင့် တေးသီချင်း များဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး သရုပ်ပြအဖွဲ့အား ပြည်နယ်၀န်ကြီးချုပ်က ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား နို၀င်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ပတ်ကြာကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ ဗန်းမော်မြို့မှာရှိတဲ့ အသင်းတွေသာမက စစ်ကိုင်းတိုင်းဒေသကြီးမှ အင်းတော် အသင်းအပါအ၀င် စုစုပေါင်း (၁၆)သင်း ပါ၀င် ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်