တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ဦးစားပေး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

တိုက်ကြီး နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက်  ပြည်သူများအား ဦးစားပေး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌  အသက်(၅၅)နှစ်အထက် ပြည်သူများကို  ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ (၂၇၅)ဦးရှိကြောင်းနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီး ချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များ က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူ မိဘပြည်သူ များကိုလည်း ယမန်နေ့ နံနက် ၉ နာရီအချိန်၌ အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ရွှေဂျိုးဖြူ ခန်းမတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)