မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် အသက်(၄၀)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံကြရန် အသိပေးနှိုးဆော်

မင်္ဂလာဒုံ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများနှင့် ယခင်ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအားလုံးကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း ကာကွယ်ဆေးများအား မိမိတို့ရပ်ကွက်ကျေးရွာအလိုက် သွားရောက်ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် စသည်တို့ကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများမှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ထားရန်၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နာအကာ (FaceShield) တွဲဖက်တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် အိမ်အပြင်ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို/သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ကြရန် အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း (Quaratine)လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ကြရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန် ၊အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျမတပ်ဆင်ခြင်းနှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)