ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

ဒဂုံအရှေ့ နိုဝင်ဘာ ၂၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇)ကတ်အား မြို့နယ် ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခြင်းခဲ့ ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ အသစ်လဲလှယ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး ခြင်း၊  လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိ သူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို  ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)