မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး ၁၁ကေဗွီဓာတ်အားလိုင်း ၁၂.၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ   နိုဝင်ဘာ   ၂၄

 မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂.၅မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်မန်နေဂျာရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန် စေရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တင်ဒါ အောင်မြင်သည့် Golden Future Linkage Co;Ltdမှ တာဝန်ယူပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ငဆက္ကန်မှ ညောင်ကုန်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄ မိုင် တည်ဆောက် ခြင်းလုပ်ငန်း၊ ကမ္ဘာမြှင့်မှ ရောင်လမ်းတိုးဂိတ် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင် တည်ဆောက် ခြင်းလုပ်ငန်း၊ အမတ(၁၇)တပ် အနီး  ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်း၊ အင်းကန်မှ အောင်သာ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်း၊ ဥယျာဉ်ကုန်းမှ တောင်ဖီလာလမ်းစုံ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်း၊ ခံပင်အိုင့်မှ ထန်းချောက်တော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေထွက်မှ ပျော်ကုန်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ  ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂.၅မိုင် တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ၎င်းတည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)