ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ငါန်းဇွန်   နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ တောင်လယ်တော ကျေးရွာအုပ်စုနှင့် သောင်ပြင်ကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက တောင်လယ်တောကျေးရွာအုပ်စုနှင့် သောင်ပြင် ကျေးရွာအုပ်စု တို့မှ ကျေးရွာ(၇)ရွာတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး ခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်း လုပ်ငန်းများ နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)