ချမ်းအေးသာစံ နိုဝင်ဘာ ၂၃
နှစ်ရှည်စပါး(Perennial Rice-PR) (၄) မျိုးဖြစ်သည့် PR-23, PR-25, PR-101 နှင့် PR-107 တို့ကို စမ်းသပ်စိုက်ကွင်းများဖြင့် သုတေသနပြုဆောင်ရွက်နေကြောင်း မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဌာနမှ သိရသည်။
ယင်းသို့ သုတေသနပြုခြင်းကို မန္တလေးတက္ကသိုလ်နှင့် တရုတ်နိုင်ငံယူနန် တက္ကသိုလ်တို့မှ နိုင်ငံတကာ သုတေသနပညာရှင်များ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး မန္တလေးတက္ကသိုလ် သုတေသန စင်တာ (University Research Center) ရှိ Green House၊ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီး ဒေသရှိ လက်သစ်ကျေးရွာ၊ ပြင်ဦးလွင်မြို့နယ် မြိုင်ကြီး ကျေးရွာနှင့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ စိမ်းစားပင်ကျေးရွာတို့တွင် ၂၀၁၉ ခုနှစ်မှစ၍ စမ်းသပ် စိုက်ကွင်းများဖြင့် စိုက်ပျိုးခဲ့ပြီး ၂၀၂၀ခုနှစ်တွင် ပထမစိုက်ပျိုးရာသီအတွက် စတင်ရိတ်သိမ်းနိုင်ခဲ့ ကြောင်းသိရသည်။
"ယူနန်တက္ကသိုလ်က စမ်းသပ်အောင်မြင်ထားတဲ့ နှစ်ရှည်စပါးမျိုးတွေက ဒေသမရွေး၊ မြေနေရာမရွေး စိုက်ပျိုးနိုင်တာတွေ့ရတယ်၊ မြန်မာနိုင်ငံရာသီဥတု၊ ရေ၊မြေ၊ ဒေသတွေနဲ့ကိုက်ညီမှုရှိ/မရှိ၊ လိုက်လျော ညီထွေစွာစိုက်ပျိုးနိုင်ခြင်း ရှိ/မရှိ သိနိုင်ဖို့ သုတေသနပြု ဆောင်ရွက် နေပါတယ်၊ စပါးစိုက်ပျိုးမြေကို တစ်ကြိမ်သာထွန်းရေးညက်အောင်ပြင် ပေးရမယ်၊အနည်းဆုံး (၅) သီးအထိ ရိတ်သိမ်းနိုင်ပါတယ်။
စိုက်ပျိုးတဲ့ ပုံစံတွေက လက်ရှိစပါးစိုက်တောင်သူတွေစိုက်ပျိုးနေတဲ့ နည်းစနစ်တွေအတိုင်းပါပဲ၊ ရိတ်သိမ်းချိန်နဲ့ ရိတ်သိမ်းပြီး အထူး သတိပြုလုပ်ရမှာက ရိတ်သိမ်းချိန်စပါးပင်တွေကို ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အပင်အောက်ခြေကနေ ၁၀စင်တီမီတာ၊ ဒါမှမဟုတ် ၁၅စင်တီမီတာလောက် မြေပေါ်ကျန်အောင်ရိတ် ပေးရမယ်၊ ရိတ်ပြီး ၃-၄ ရက်အတွင်း အပင်အမြစ်တွေဆက်လက် ရှင်သန်ကြီး ထွားဖို့ အချိန်မီလုပ်နိုင်မှ နောက်ရာသီချိန်မှာ ဆက်လက်ရှင်သန်ကြီးထွား နိုင်မှာ ပါ၊ တောင်သူတွေ နှစ်သက်မှု ရှိ/မရှိ သိနိုင်ဖို့ စမ်းသပ်စိုက်ခင်းတွေဆီ ဖိတ်ခေါ်ပြသသွားဖို့ စိုက်ပျိုးနည်းပညာ ပေးနိုင်ဖို့နဲ့ စိတ်ဝင်စားတဲ့ တောင်သူတွေကို မျိုးတွေဖြန့်ဝေပေးပြီး သုတေသနအချက် အလက်တွေရယူ ဆောင်ရွက် နိုင်ဖို့ စီစဉ်ထားပါတယ်" ဟုရုက္ခဗေဒနှင့် အဏုဇီဝဗေဒ ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ နုနုရီက ပြောသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ လက်သစ်ကျေးရွာနှင့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ စိမ်းစားပင် ကျေးရွာများတွင် စိုက်ပျိုးထားသော နှစ်ရှည်စပါးများသည် ပထမစိုက်ပျိုးရာသီအတွက် ရိတ်သိမ်းခဲ့ရာ တွင် တစ်ဧကလျှင် စပါးတင်းတစ်ရာကျော် ထွက်ရှိကြောင်း၊ ယင်းစပါးမျိုးများကို စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်များ၊ လုပ်အားခကုန်ကျ စရိတ်များ၊ စိုက်ပျိုးရေလိုအပ်မှု၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ် ဆေးစရိတ်များ လျှော့ချနိုင်ခြင်း၊ အထွက်ကောင်းစပါးများကို စိုက်ပျိုးထုတ်လုပ်လာနိုင်ခြင်းဖြင့် စပါးစိုက်တောင်သူများ ဝင်ငွေတိုးလာပြီး စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုကူညီဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်