မိုင်းတုံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအနီးရှိ တောင်သူ ဒေါ်နန်းရွှေအိမ်၏ လယ်မြေတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၈) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအား ဒေသဝမ်းစာဖူလုံရေး၊ တောင်သူများ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများဝင်ငွေ တိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် မိုင်းတုံ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကိုယ်တိုင်ဝင်ရောက် ရိတ်သိမ်းရာ ကျေးရွာနေ လယ်သမားများ၏ ရှေ့တွင် လယ်စပါး ၁ ဧက ရိတ်သိမ်းခဲ့ရာ အစိုထွက်(၁၁၅)တင်း ရရှိပြီး၊ အခြောက်ထွက်(၉၉)တင်းရရှိ၍ ထွက်နှုန်းအသင့်သားရှိသော မျိုးစပါးဖြစ်သည်ကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဤမျိုးစပါးသည် မြို့နယ်စိုက်ပျိုးရေးရုံးမှ စီစဉ်ဆောင်ရွက်ပေးသော ဆင်းသုခမျိုးစပါးဖြစ်ပြီး လယ်ပိုင်ရှင် ဒေါ်နန်းရွှေအိမ်က ယခင်နှစ်က ကျွန်မတို့လယ် ၂ ဧကစိုက်တာ တစ်ဧကကို (၇၀) တင်းထွက်ရှိပါတယ်။ ဒီနှစ်တော့ စိုက်ပျိုးရေးဦးစီးမှူးစီစဉ်ပေးတဲ့ ဆင်းသုခမျိုးကို (၂) ဧက လုံးစိုက်လိုက်တာအခုတစ်ဧက(၉၉) တင်းထွက်တော့ ဒီနှစ်တော့(၁၉၈) တင်းလောက် ထွက်မယ်လို့ ခန့်မှန်းပါတယ်။ ကျွန်မပင်ပန်းရကျိုးနပ်လို့ အရမ်းဝမ်းသားမိပါတယ်။ နောက်နှစ်တွေမှာလည်း အထွက်များတဲ့ မျိုးစပါးဖြစ်တဲ့ အတွက် ဆင်းသုခကိုဘဲ စိုက်ပျိုး သွားမှာဖြစ်ကြောင်းကို လယ်သမားထံမှ သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်မြေစာရင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)