ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဦးစီးငှာနတွင် မွေးစမှအသက်(၁)နှစ်ခွဲ ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံမည်

ပိုင်ကျုံ     နိုဝင်ဘာ   ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို  ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဦးစီးငှာနတွင် ၂၄ ရက်‌နေ့နှင့်၂၅ ရက်နေ့ (၂) ရက် အတွင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါများကို ကာကွယ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီး များအား ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်၊ ရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်း အသိပညာပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)