ပင်းတယ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့၊ ယာယီပျံကျဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် အသား၊ ငါးဝယ်ယူစားသုံးကြသည့် ဒေသခံပြည်သူများ စိတ်ချ ယုံကြည်စွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချရေး၊ ဈေးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးနှံရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးပြီးသော ဝက်သား၊ အမဲသားများကိုသာ ရောင်းချရေး၊ သတ်မှတ်ရက် ကျော်လွန်သော အေးခဲအသား၊ ငါးနှင့် ဒေသကြက် များ လုံးဝရောင်းချမှုမရှိစေရေး၊ ဝယ်ယူ စားသုံးသူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သော အသား၊ ငါးများ ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းလိုင်စင်နှင့် ဈေးရောင်းချမှု ရပ်ဆိုင်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးစည်သူဝင်းက အသိပညာပေးပြောကြားခဲ့သည်။
မိုးမိုးထွေး