ကျောက်ဆည်မြို့နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် နိုင်ဝင်ဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများသည် ယခု အခါနှမ်းစိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်နည်းစနစ် အသုံးပြုပြီး ပြောင်းလဲစိုက်ပျိုး လာကြရှိရာ ရဲဘော်ကြီးကျေးရွာမှ သိပ္ပံနည်းကျ နှမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်းသိရှိရသည်။

သိပ္ပံနည်းကျ နှမ်းစိုက်ပျိုးရာတွင် မြေကိုညက်အောင် ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေပြင်တန်းဆွဲ စနစ်ဖြင့် လည်းကောင်း၊ ဘောင်စနစ်ဖြင့်လည်းကြောင်း အမျိုးမျိုး စိုက်ပျိုးနိုင်၍  နှမ်းမျိုးအနေဖြင့် (၂)ပြည်ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး (၁၈)ရက် အကြာတွင် ပေါင်းနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ လိုအပ်ပါက မှိုသတ် ဆေးဖျန်းခြင်းနှင့် မိုးရွာသည့်အခါပုလဲမြေဩဇာ ကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း သိရှိ ရကာ နှမ်းတစ်ဧ တွင် အပင်အပြုအစု၊ ရာသီဉတုနှင့် မြေအမျိုးအစား အပေါ်မူတည်ပြီး တစ်ဧကတွင် (၁၄) တင်းမှ (၂၀) တင်းအထိ ထွက်ရှိကြောင်း ရဲဘော်ကြီး ကျေးရွာမှ တောင်သူ ဦးမောင်ဦးက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် သင်းတွဲဆည်ရေသောက်စနစ်ဖြင့် ဆောင်းနှမ်းစိုက်ဧက(၃၅၈၄)ဧက၊ သင်းဒီး ဆည်ရေသောက်စနစ်ဖြင့် (၁၅၅၁) ဧက၊ စုစုပေါင်း (၅၁၃၅) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခု အခါ(၃၈၁၃) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)