သီပေါမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ဆေးထိုးရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

သီပေါ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOVAC) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက သီပေါမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်နေရာတွင် ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၁၀) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၈) ဦးအား ထိုးနှံပေးခဲ့ကြောင်း၊  ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား မှတ်တမ်းများ ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများ ကိုသာ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများက ကုသပေးနိုင်ရန် ကြိုတင်စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)