ဇေယျာသီရိ နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု၊(၆)လ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ (တောင်) ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းက မိမိတို့ဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းသည် အခြေခံစက်ချုပ်သင်တန်းဖြစ်ပြီး ယခုသင်တန်းပြီးပါက ထပ်မံ၍အဆင့်မြှင့်သင်တန်းကိုလည်း ဖွင့်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းတက်ပြီး မိသားစု စီးပွားရေး တစ်ဖက်တစ်လှမ်းမှတိုးပွားလာအောင် ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ လေသာ(တောင်) ကျေးရွာမှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ပြီး (၁)လအကြာ သင်ကြားပို့ချသွားမည်ဖြစ်ရာ အခြေခံအပ်ချုပ်စက်သင်တန်းတွင် အဖြောင့်ချုပ်ရိုး၊ အကောက်ချုပ်ရိုး၊ အကွေးချုပ်ရိုး၊ လေးထောင့်ချုပ်ရိုး၊ အနားလုံးချုပ်ရိုး၊ အနားလုံးကြီးချုပ်ရိုး စုစုပေါင်းချုပ်ရိုး/ချုပ်နည်း (၂၂)မျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)