ကျောက်တန်းမြို့ လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ကျောက်တန်း  နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ကျောက်တန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေး မှူးဦးဘုန်းခန့်အောင် ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  အပြင်ထွက် တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေး ၊ လူစုလူဝေးရှိသည့် နေရာများတွင် သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ အရာ ဝတ္တုများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ အပြင်မှပြန်လာတိုင်း လက်ကို စနစ်တကျ ဆေးကြောရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးရှိ ဈေးရောင်း/ဈေးဝယ်သူများ၊ ၃၃ နှင့် ၉၅ ကားဂိတ်များနှင့် ကျောက်တံတားဇက်ဆိပ်ရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း