ကျိုင်းတုံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို နိုဝင်ဘာ ၂၂ ရက်က ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ရွာ၊ ဖူလှိုင်ဟိုတယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဖွင့်လှစ်သည်။
သင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အလုပ်အမှုဆောင် ဦးအုန်းသွင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်မြတ်နှင့် သင်တန်းနည်းပြများက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းတက်ရောက်သူများအနေဖြင့် ရှေးဦးပြုစုခြင်း ဘာသာရပ်များကို ဆက်လက်ဆင့်ပွားမျှဝေရန်ပြောကြားပြီး အကြောင်းအမျိုးမျိုးကြောင့် ရရှိ သည့် ထိခိုက်ဒဏ်ရာများအား ရှေးဦးပြုစုခြင်း၊ အချိန်မီဆေးရုံပို့ဆောင် ဆေးကုသပေးနိုင်ရေး ၊ ရှေးဦးပြုစုသူ၏ အခန်းကဏ္ဍ တာဝန်ဝတ္တရာများစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချ သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)