မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာ စတင်စိုက်ပျိုး

မိတ္ထီလာ   နိုဝင်ဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာများ စတင် စိုက်ပျိုးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်  ဆောင်း နေကြာကို စီးပွားဖြစ် စိုက်ပျိုးလာလျှက်ရှိရာ ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီး ညှပ်အပြင် နေကြာ တစ်မျိုးတည်း သီးသန့်ဖြင့် ရာသီမရွေး မျိုးစေ့စျေးနှုန်း သက်သာစွာ ဝယ်ယူ စိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီနှင့် ဆောင်ရာသီများတွင် စိုက်ပျိုးလျက်ရှိသည်။ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ကျေးလက်နေ တောင်သူများမှာ မိုးသီးနှံများ သိမ်းဆည်းပြီးချိန် မိမိတို့ လယ်ယာမြေများတွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ဆောင်းနေကြာကို အခြားသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်းတို့နှင့် သီးညှပ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်း သီးသန့် တန်းခြား နှစ်ပေ၊ ပင်ကြာ ကိုးလက်မဖြင့် စိုက်ပျိုးကြ သည်။ ယင်းတို့ တန်းခြား ပင်ကြာဖြင့် စိုက်ပျိုးသည့် ဆောင်းနေကြာမှာ တစ်ဧကလျှင် မျိုးစေ့ လေးပြည်မှ ငါးပြည်အထိ စိုက်ပျိုးကြပြီး အပင်သက်တမ်း မှာ လေးလကြာမြှင့်ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆောင်းနေကြာကို ဆင်းရွှေကြာ-၂၊  ရေဆင်း-၁ စပ်မျိုး စသည့် မျိုးများကို အဓိက စိုက်ပျိုးလျက်ရှိရာ ဆောင်းနေကြာကို ယနေ့အထိ မိတ္ထီလာမြို့နယ်တွင် ၃၁၄ ဧက ၊ မလှိုင်မြို့နယ်တွင် ၂၂၄ ဧက၊ သာစည်မြို့နယ်တွင် ၁၃၉၈ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၃၂၀ ဧကတို့  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)