ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကျေးလက်ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်

ရမည်းသင်း    နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအား ကျေးလက်ပြည်သူများ လိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးအသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ညောင်ပင်သာကျေးရွာအတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊  လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြ ရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ရမည်းသင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျေးလက်နေပြည်သူများအတွင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။            

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)