ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်   နိုဝင်ဘာ   ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပြန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြစေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့သွားရောက် လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ကိုစနစ်တကျတပ်ဆင်ကြ ရန်၊ လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)