မြစ်ကြီးနားမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီထုတ်ပေးလျက်ရှိ

မြစ်ကြီးနား  နိုဝင်ဘာ ၂၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့  နံနက်၈နာရီမှ စတင်ပြီး၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာ‌ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေး လျက်ရှိပါသည်။

မြစ်ကြီးနားမြို့တွင် ပင်စင်လစာ လာ‌ရောက်ထုတ်ယူသည့် လူဦးရေ များပြားတာ ကြောင့်  လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် မြို့တော်ခန်းမနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့တွင် နှစ်နေရာခွဲကာ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ ပင်စင်လစာများ ထုတ်ပေးရာတွင်  သက်ကြီးအငြိမ်းစား ဝန်ထမ်းများ၏ ကျန်းမာရေးကို ဦးစားပေးသည့် အ​နေဖြင့် အုပ်စုများခွဲ၍ ထုတ်ပေး လျက်ရှိပြီးရပ်ဝေးသို့‌ ရောက်ရှိနေသောအငြိမ်းစား နိုင်ငံ့၀န်ထမ်းများ‌အ‌‌နေဖြင့် ပင်စင်လစာထုတ်ရာတွင် အဆင်ပြေစေဖို့ Mobile Money  Agent များကို အသုံးပြု၍ ထုတ်ယူနိုင်‌ကြောင်းလည်းသိရပါတယ်။

လူကိုယ်တိုင်လာရောက်ထုတ်ယူသည့် ပင်စင်လစာများကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ မြို့တော်ခန်းမ၌လည်းကောင်း နို၀င်ဘာ၂၄ ရက်နေ့မှ နို၀င်ဘာ ၃၀ ရက်နေ့ အထိ မြန်မာ့စီးပွားရေးဘဏ်၌လည်းကောင်း ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် နံ နက် (၈)နာရီမှ ညနေ(၃)နာရီအထိ ပင်စင်စားဦးရေ ၃ ထောင်ကျော်ကို လစဉ်ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်​နေဂျာထံမှသိရသည် ။

စိန်ဝင်း