နမ့်စန်တွင် နိုဝင်ဘာ ၂၂ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၃ ဦး စစ်ဆေးတွေ့ရှိ ၊ ကျန်းမာရေးကောင်းမွန်သူ ၄ ဦး ဆေးရုံဆင်း

နမ့်စန်()     နိုဝင်ဘာ-၂၂

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယနေ့နေ့လည်ပိုင်းအတွင်း  RDT Test kit စစ်ဆေးမှုအရ  အမျိုးသား ၂ ဦး  နှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများနှင့် ၊ အခြား ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည့် နေရာတို့မှ စုစုပေါင်း၄၅၀ဦးကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစင်တာနှင့် အဆိုပါကွင်းဆင်းစစ်ဆေးသည့် နေရာများတွင်  ယနေ့နံနက် ၉နာရီမှ နေ့လည် ၁နာရီအတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၄) ရပ်ကွက် မှ ၂၁ နှစ် အရွယ် အမျိုးသမီး ၁ ဦး ၊ ၁၀ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အမှတ်(၃)ရပ်ကွက် မှ ၁၄ နှစ် အရွယ် အမျိုးသား ၁ ဦး ၊ စုစုပေါင်း ၃ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်မှ တာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၃ ဦးကို ပြည်သူ့ ဆေးရုံရှိ လေးထပ်ဆောင်တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေ မိသားစုဝင်များ ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာ ကန့်သတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် နိုဝင်ဘာ၂၂ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၄ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကုသဆဲ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၂ ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။                                              

မြို့နယ် (ပြန်/ဆက်)