ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကင်း နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ရုံးမှ ဒုလဝကမှူး ဒေါ်စောသန္တာလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့မှ တာဝန်ရှိသူများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။

 ရန်ကင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ် အခမဲ့ ပြုလုပ်ပေးလျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)