အင်းစိန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ပြည်လမ်းရှိ ရေမြောင်းများ ရှင်းခြင်း၊ လမ်းနှင့်မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေးမှ(၁၀)ဦး၊ ရေစီးရေလာမှ(၅)ဦး၊ ပန်းဥယျာဉ်မှ(၅)ဦးနှင့် မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း(၂၅)ဦးက လမ်းဘေးရှိ သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ ရှင်းခြင်း၊ ချုံနွယ်များ ရှင်းခြင်း၊ မြက်များရှင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီတွင် ရေကြီးမှုများ မဖြစ်ပေါ်စေရန် အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တော ချောင်းနှင့် ကသွယ်ချောင်းစသည့် ချောင်းများနှင့် မြောင်းများကို ရေးစီးရေလာ ကောင်းမွန်အောင် ရှင်းလင်းခြင်း လုပ်ငန်းများကို အထူးအလေးထား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)