ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ တက်ရောက်

ဘားအံ နိုဝင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အရေးကြီးလိုအပ်သော အောက်ဆီဂျင်ကို လုံလောက်စွာရရှိနိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နည်းအမျိုးမျိုးဖြင့် တွန်းအားပေးကြိုးပမ်းဆောင်ရွက် ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခန့်က လှိုင်းဘွဲမြို့နယ်အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအနေဖြင့် ပိုးကူးစက်ခံရသည့်နှုန်း အများဆုံး ကာလဖြစ်ခဲ့ပြီး အောက်ဆီဂျင်ကုထုံးသည် ကိုဗစ်-၁၉ ရောဂါကို ကုသရာတွင် အရေးကြီးသည့် ကုထုံးတစ်ခုဖြစ်ခဲ့ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါ အခံရှိသူများ၊ ကိုယ်ခံအားနည်းသူများသည် အောက်ဆီဂျင်လို အပ်ချိန်တွင် လိုအပ်သည့် ပမာဏကို မရရှိခဲ့ကြသည့်အတွက် အသက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အရေးကြီး လိုအပ်နေသည့် အောက်ဆီဂျင်ကို အများပြည်သူလုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်နယ် အတွင်းရှိ ဆေးရုံများ၊ Mobile စက်များအပါအဝင် အစိုးရစက်ရုံ(၆)ရုံ၊ Mobile စက်ရုံ(၁)ခု အပါအဝင် ပုဂ္ဂလိကစက်ရုံ (၅)ရုံ စုစုပေါင်းစက်ရုံ (၁၂)ရုံကို တည်ဆောက်ပြီးစီးခဲ့ပြီး နေ့စဉ် အောက်ဆီဂျင် ၃၇၀၀၀ လီတာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကာ ကော့ကရိတ်မြို့နယ်တွင်လည်း အောက်ဆီဂျင်စက်ရုံတစ်ရုံ ထပ်မံဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်း ကိုဗစ် လူနာများနှင့်အခြားလူနာများ ၏အောက်ဆီဂျင်လိုအပ်ချက်ကို လုံလောက်စွာဖြည့်ဆည်းပေး နိုင်မည် ဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ် အောက်ဆီဂျင်စက်ရုံကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး တာဝန်ရှိသူများနှင့် မြို့သူမြို့သားများက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အထွေထွေ အတွင်းရေး မှူးဗိုလ်မှူးကြီးစောချစ်သူက စက်ရုံဖွင့်ပွဲအထိမ်းအမှတ်အလံအား ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

လှိုင်းဘွဲမြို့နယ် အောက်ဆီဂျင်စက်ရုံကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏တွန်းအားပေးကြိုးပမ်း ဆောင်ရွက်မှု၊ ဆရာတော်ကြီးများ၏ ဦးစီးဦးဆောင်မှု၊ မြို့မိမြို့ဖများ၊ အဖွဲ့အစည်းများ၊ စေတနာ ရှင်အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၂၃၇၀ ကျော်ကုန်ကျခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ထို့နောက် လှိုင်းဘွဲမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မဲဆမိတ်ဆရာတော်အရှင်စန္ဒရ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုး၊ လှိုင်းဘွဲအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်၊ နယ်ခြားစောင့်တပ်များ ဗဟိုကွပ်ကဲရေးနှင့် အကြံပေးအဖွဲ့အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)လှိုင်းဘွဲမြို့နယ်ဥက္ကဋ္ဌပဒိုစောထွန်းနီ၊ အောက်ဆီဂျင်စက်ရုံထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောကျော်ဇင်လတ်တို့က စက်ရုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်ခြားစောင့်တပ်များ ဗဟိုကွပ်ကဲ ရေးနှင့်အကြံပေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့က အဖွဲ့အစည်းများ နှင့်လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံအား လှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ခလုပ်ကိုနှိပ် ၍ စက်ရုံကိုစတင်လည်ပတ် ဖြန့်ဖြူးစေခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန လှိုင်းဘွဲမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် လှိုင်းဘွဲမြို့နယ်အထက်တန်းကျောင်းခွဲ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက် ပေးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ကျော ကျေးရွာတို့မှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေး အပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် သဗ္ဗာန်ကျေးရွာ တောင်သူ နည်းပညာပေးစင်တာ၌ ရေကြီးနစ်မြုပ်ခံ မိုးစပါးတောင်သူများအား ဆောင်းသီးနှံအတွက် ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှားစကားပြောကြားခဲ့ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၇ အုပ်စုမှ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား ဆောင်းသီးနှံအတွက် ယူရီးယား မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)