လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

လောင်းလုံး  နို၀င်ဘာ  ၂၂

တနင်္သတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် သဗျာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်း များက သဗျာကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားကို အသက် (၁၀) နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀) နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၉၈) ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ကို  ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံ)