မောက်မယ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက်ပိုင်းက COVID-19ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစား ဝန်ထမ်းများက သတ်မှတ်ထားသည့် ကာကွယ်ရေးစည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းစွာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်အငြိမ်းစားဝန်ထမ်း (၉၀)ဦးကျော်ရှိပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်စင်လစာငွေများ ထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ (၂၁)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးရာတွင် COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ဦးချင်းစီအား ဘဏ်အတွင်းသို့မဝင်မီ လက်ဆေးဘေစင်တွင် လက်ဆေးစေခြင်း ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ စနစ်တကျထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)