အင်းစိန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရေလုပ်သားများ ပင်လယ်ပြင်တွင် ကြုံရမည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင် အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (၄/၂၀၂၁)ကို ယနေ့ နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေနှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်နိုင်တို့က အဖွင့်အမှာ စကား အသီးသီးပြောကြားခဲ့သည်။
သင်တန်းကို သင်တန်းသား ရေလုပ်သား(၃၀)ဦးဖြင့် တစ်ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းစေရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာနှင့် ပက်သက်သည့် ညွှန်ကြားချက်များ၊ ဆိပ်ကမ်းအကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ ငါး/ ပုဇွန်များ ကိုင်တွယ်ခြင်း၊ အရေအသွေး ထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးဆိုင်ရာ သိကောင်း စရာများ စသည်တို့ကို ကျွမ်းကျင်ပညာရှင်များက သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ရာ ဖွင့်လှစ်ရာ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)