မြစ်သား နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ် နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသား ထားသော "နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်းနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် ခွန်အားလေးပါး၊ သတိရှိကြစေချင် စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် နေသူရိန် (မြစ်သား) က လူဆိုသည်မှာ၊ နေ့ညဉ့်မပြတ်သုံးသပ်အပ်၏ စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စာပေဝါသနာရှင်များ၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများဖြင့် လစဉ် ကျင်းပပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြမြမွန် (မြစ်သား)