ပုသိမ်ကြီး နိုဝင်ဘာ ၂၂
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား ပူးပေါင်း အဖွဲ့ များဖြင့် စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်ကြီးမြို့အဝင် ကမ္ဘောဇဘဏ်အနီး၌ မြို့နယ်သတ်မှတ်ဌာနဆိုင်ရာအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရာသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ယဉ်ကြည်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်ထက်ထက်ဇော်နှင့် တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုး၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များအား သိုလှောင်ရောင်းဝယ်ခြင်း၊ Show Room များ/ကားပွဲစားတန်း/ဆိုင်ကယ် ပွဲစားတန်းများတွင် တရားဝင်တင်သွင်းလာသော ယာဉ်များနှင့်အတူ ရောနှောလျက် ရောင်းချခြင်း၊ တရားဝင်မှတ်ပုံတင်ထားသောယာဉ်များ၏ နံပါတ်ပြားတပ်ဆင်အသုံးပြုခြင်း၊ တရားဝင်မှတ်ပုံတင် ထားသောယာဉ်များနှင့် အသွင်တူ၊ အသွေးတူ ပုံတူပွားလျက် အသုံးပြုခြင်း၊ နိုင်ငံတော်မှ တရားဝင် ထုတ်ပေးထားသော ယာဉ် လိုင်စင်မှတ်ပုံတင်အဝိုင်း/ စာအုပ်များအတုအပ ပြုလုပ်လျက်လိုင်စင်မဲ့ ယာဉ်အား ရောင်းချခြင်း၊ မော်တော်ဆိုင်ကယ်အမျိုးမျိုးအား နယ်စပ်တွင် Custom Duty ဆောင်ခဲ့ပြီး မိမိဒေသရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်မပြုလုပ်ဘဲ စီးနင်းအသုံးပြု ခြင်းများမပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်သည်။
မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းချက်များ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင်ပါရှိရမည်။ မော်တော်ယာဉ် စီးနင်းအသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင်စီးနင်းရမည်။ မော်တော်ဆိုင်ကယ်စီးနင်းရာ တွင် ဆိုင်ကယ်စီးဦးထုပ်အားဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမည်။ ယာဉ်အသုံးပြု မောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊ မော်တော် ဆိုင်ကယ် မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ၊စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို