မိတ္ထီလာခရိုင်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲစိုက်ဧက လေးသောင်းကျော် စိုက်ပျိုးသွားမည်

မိတ္ထီလာ နိုဝင်ဘာ ၂၂

မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲ စိုက်ဧက လေးသောင်းကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် များမှ ကျေးလက်နေ တောင်သူများ ဆောင်းသီးနှံကုလားပဲကို မိုးသီးနှံများ သိမ်းဆည်း ပြီးချိန် စီးပွားဖြစ် စိုက်ပျိုးလာလျှက်ရှိသည်။ ထိုသို့ဆောင်းသီးနှံ ဖြစ်သည့် ဆောင်းကုလားပဲကို အောက်တိုဘာလ ပထမအပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းကုလာပဲစိုက်ဧက ၃၀၈၉ ဧက၊ မလှိုင်မြို့နယ်တွင် ၂၁၂၁ ဧက၊ သာစည်မြို့နယ် တွင် ၁၆၇၀၀ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင်  ၂၂၂၉၁ ဧကတို့ကို စိုက်ပျိုးသွားရန် လျားထားကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲကို  မိတ္ထီလာမြို့ နယ်တွင် ၂၂၃၀ ဧက ၊ မလှိုင်မြို့နယ်တွင် ၁၀၆၁ ဧက ၊ သာစည်မြို့နယ်တွင် ၁၉၆၅၇ဧကနှင့် ဝမ်းတွင်းမြို့ နယ်တွင် ၂၃၀၂၆ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)