ကျိုင်းတောင်းမြို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Vaccine )ထိုးနှံပေးလျက်ရှိ

ကျိုင်းတောင်း      နိုဝင်ဘာ  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vaccine) ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ တာဝန်ရှိ သူနာပြုအရာရှိနှင့် သူနာပြုများ လိုက်ပါဆောင်ရွက်ခဲ့ပြီး အသက် ၆၅ နှစ်နှင့်အထက်ရှိသူများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သော အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ သံဃာတော်များ ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ အကျဉ်းသားများ ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ ၊ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများရှိ ဝန်ထမ်းများ ၊ စားသောက်ဆိုင်နှင့်ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့် ဈေးများရှိဝန်ထမ်းများစသည့် ဆေးမထိုးရသေးသည့်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vaccine) အား စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး (Vaccine ) ထိုးနှံပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး (Vaccine) လာရောက်ထိုးနှံသူ စုစုပေါင်း (၃၈၅)ဦးခန့်ရှိကြောင်း ကျန်ရှိသော ပြည်သူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)