ကျောက်ဆည် နိုင်ဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာအသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၈)နာရီက အရှေ့ငယ်တိုးကျေးရွာသို့ ကွင်းဆင်းပြီး အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်း စည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှေ့ငယ်တိုးကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း (၉၇)အုပ်စု၊ ကျေးရွာပေါင်း (၂၁၇)ရွာရှိပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ အမျိုးသား(၃၈၀)ဦး၊ အမျိုးသမီး(၃၁၁)ဦးရှိပြီး ဆေးဝါးကုသပြီး ပြန်လည် ကျန်းမာလာသူ အမျိုးသား(၃၂၈)ဦး၊အမျိုးသမီး(၂၅၇)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရှိရကာ ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)