နမ္မတူ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် နမ္မတူရပ်ကွက် (၇)ခုအတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ ၄၂၅ဦးအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံနိုင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၂၂၈ ဦး၊ ကျောင်းသား/ကျောင်းသူ ၃၃၆ ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၂၀၆၆ ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၅၇၄ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၇၂၀၄ ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)