နမ္မတူ နိုဝင်ဘာ ၂၂
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေမိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ်သို့ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ ၆ပေအကွာမှ ခပ်ခွာခွာ နေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ် ကြရန်၊ မိမိတို့နေအိမ်များအား လေဝင်လေထွက်ကောင်းစေရန်အတွက် ပြူတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန၌ စစ်ဆေးကုသမှု ခံယူရန်စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)