ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်ဆည်   နိုဝင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် နိုင်ငံသား သတ်မှတ်ချက်နှင့် ကိုက်ညီသည့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကာ ပန်းခင်းစီမံချက် ပညာပေး လက်ကမ်းစာစောင် များပေးဝေ ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ  အသက် (၁၀)နှစ်မှ (၁၆)နှစ် အကြား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၆)နှစ်မှ အသက်(၁၈)နှစ်အကြား အမျိုးသား (၅)ဦး၊ အမျိုးသမီး(၈)ဦး၊ အသက် (၁၈)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၃၂) ဦး၊ နိုင်ငံသားအသစ်လဲသူ အမျိုးသား (၇)ဦး၊အမျိုးသမီး(၁၀)ဦး နှင့် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၁)ဦးပါဝင်သည့် အိမ်ထောင်စု လူဦးရေစာရင်း(၇)စု ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာ ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ၊ အိမ်ထောင်စုစာရင်းများ အခမဲ့ ပြုလုပ်ပေးလျက်ရှိရာ ယခုအခါ အသက်(၁၀)နှစ်မှ (၁၈)နှစ်အကြား (၂၁၅)ဦး၊ အသက်(၁၈)နှစ်အထက်(၂၁၃၄)ဦး စုစုပေါင်း(၂၃၄၉)ဦး အား နိုင်ငံသားစိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အမျိုးသား(၁၀၄၅)ဦး၊ အမျိုးသမီး (၉၇၄)ဦး စုစုပေါင်း (၂၀၁၉)ဦးရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း(၆၂၁)စု ကိုလည်း ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)