မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ လှည့်လည်ဆောင်ရွက်

မိုးမိတ်     နိုဝင်ဘာ    ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီအချိန်က တောင်ပိုင်းရပ်ကွက်တွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသော ဖြတ်သန်းသွားလာသူ (၉၃)  ဦးအား  RDT စနစ်ဖြင့် အခမဲ့စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားခြင်း မရှိသူ (၃၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဘော် နှင့်အဖွဲ့ဝင်များ ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်းသိရသည်။

စည်သူဌေး (ခရိုင် ပြန်/ဆက်)