မန္တလေး နိုဝင်ဘာ ၂၂
ကလေးငယ်များ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်ပြီး သိရှိနားလည်စေရန် ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပုံပြင်ပြောပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကလေးငယ်(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ပထမ၊ဒုတိယနဲ့ တတိယဆုရရှိတဲ့ ကလေးငယ်တွေကို အမှတ်တရလက်ဆောင်ပစ္စည်းတွေ ချီးမြှင့်ပေးသွားမှာပါ၊ ကလေးငယ်များ အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်ပြီး သိရှိနားလည်စေရန်၊ စာပေဗဟုသုတ ရရှိ စေရန်နှင့်အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် ကျင်းပ ပေးတာ ဖြစ်ပါတယ်၊ နောက်ရက်တွေမှာလည်း ဒီလိုပြိုင်ပွဲလေးတွေ ဆက်လက်ကျင်းပပေးသွားမှာပါဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် ကလေးငယ်(၁၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးသူများ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၊ပြိုင်ပွဲ ဝင်ကလေးငယ်များ၏ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)