တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

တုံတာ     နိုဝင်ဘာ     ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက တုံတာမြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တုံတာမြို့ပေါ်တွင်နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာမည် ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ် တကျ တပ်ဆင်သွားလာကြ ရန်၊ အပြင်မှ ပြန်လာပါကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်း များကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်၊ မိမိအနေဖြင့်လည်း အခြားသူများအိမ်သို့ ဝင် ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ ယခုအခါ တုံတာမြို့အေနဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့် စည်းကမ်းချက်များကို စနစ်တကျ လိုက်နာကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွား ရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘ ပြည်သူ များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေး လှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း