ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံ ကြသူများ ကို၊ ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှု နှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး၊ ယမန် ရက်နေ့တွင် မင်္ဂလာစျေးဓမ္မာရုံ၌ အသက်၅၅နှစ်နှင့်အထက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၁၉၄)ဦးရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အလုပ်သမားဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၄၀ နှစ်နှင့် အထက် ပထမအကြိမ် ဆေးလာရောက် ထိုးနှံသူစုစုပေါင်း (၂၈၀) ဦးရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။
အောင်မြင့်