ပုံပါကျင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ တာလေရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ပုံပါကျင်  နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ပုံပါကျင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ တာလေရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင် ရှေ့တန်းရုံး တာဝန်ခံ လဝကမှူး ဦးမြင့်မိုးနှင့် ဒုတိယလဝကမှူး ဦးကျော်စွာဝင်းတို့ကတာလေရွာအတွင်းရှိ လားဟူတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူ များကိုမိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း၌ မွေးတိုး/ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သန္တာ